အင်းတော်ကြီးကန်အရှေ့ဘက်ကမ်း ကွန်ကရစ်ပတ်လမ်း ၃၃ မိုင်တည်ဆောက်မှု ၇၇ ရာခိုင်နှုန်း ခန့်ပြီးစီး ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်

မိုးညှင်း အောက်တိုဘာ ၁၄

မြန်မာနိုင်ငံ၏အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန် အရှေ့ ဘက်ကမ်းရှိ နန့်မွန်း - ချောင်းဝ - ညောင်ပင်ကွန်ကရစ်လမ်း အရှည် (၃၃) မိုင်နှင့် ၎င်းလမ်းပေါ်ရှိ ကွန်ကရစ်တံတားများ တည်ဆောက်မှု (၇၇) ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ပြီး ယခုဘဏ္ဍာနှစ် အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာမှ (မြို့ပြ) ဦးစီးအရာရှိ ဦးရဲမြင့်ထွန်း ထံမှသိရသည်။

အဆိုပါ နန့်မွန်း - ချောင်းဝ - ညောင်ပင်လမ်း ဆောင်ရွက်ရန်အတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်း ကုန်ကျငွေကျပ်သန်း (၁၃၃၄၂ ဒသမ ၁၃၄) လျာထားခဲ့ကာ နှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း (၆၂၈၄ ဒသမ ၃၇၈) ဖြင့် ကွန်ကရစ် လမ်းအရှည် (၁၅)မိုင်နှင့် (၁၀) ပေ အထက် ကွန်ကရစ်တံတား(၂၆) စင်း၊ (၅)ပေ Box Culvert (၃၃) စင်းတို့ ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၆၁၇ ဒသမ ၇၆၄)ဖြင့် ကွန်ကရစ်လမ်းအရှည် (၁၀)မိုင် နှင့် (၁၀) ပေအထက် ကွန်ကရစ်တံတား (၇)စင်း၊ (၅)ပေ Box Culvert (၂၆) စင်း၊ (၅)ပေ Box Culvert အကျယ်ချဲ့ခြင်း (၈) စင်းတို့မှာ လုပ်ငန်းဆောင်ရွက်မှု (၉၅) ရာခိုင်နှုန်းခန့်ပြီးစီးသွားခဲ့ပြီး ဖြစ်သည်။

ယခုနှစ်ဆောင်ရွက်မှုအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၄၄၀) ဖြင့် ကွန်ကရစ်လမ်းအရှည် (၇)မိုင်၊ ပေ (၁၈၀) အထက်ကွန်ကရစ်တံတား (၂)စင်းနှင့် ပေ(၂၀)အထက် ကွန်ကရစ်တံတား (၁)စီးတို့ ပါဝင်မည် ဖြစ်ပြီး လုပ်ငန်းများကို ယခုနှစ် ပွင့်လင်းရာသီအတွင် ပြန်လည် စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

ယခုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအားလုံးကို တင်ဒါစနစ်ဖြင့်ဆောင်ရွက်
စေခဲ့ခြင်းဖြစ်ပြီး စီမံကိန်းလမ်းပြီးဆုံးသွားပါက အင်းတော်ကြီးကန်အရှေ့ဘက်ကမ်းရှိ ကျေးရွာ (၁၅)ရွာ၏ အိမ်ခြေ (၄၅၇၅) အိမ်၊ လူဦးရေ (၂၇၂၇၀)ဦးအား အကျိုးပြုသွားမည်ဖြစ်သည့် အပြင် ဖားကန့်မြို့နယ်သို့ ဆက်သွယ်သွားလာရာတွင်လည်း နယ်မြေဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် အရေးပါသည့် လမ်းအဖြစ် အသုံးဝင်သွားမည်ဖြစ်သည်။

Visitors: 35,950