မြစ်ကြီးနားမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား နိုင်ငံတော်မှ တစ်ဦးလျင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မသန်စွမ်းသူများအား နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ တစ်ဦးလျင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောရွှေပြည်ခန်းမ၌ စက်တင်ဘာ (၂) ရက် နံနက် (၉) နာရီက ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ပေးအပ်မှုတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက နိုင်ငံတော်မှ ထောက်ပံ့ ပေးအပ်မှုတွင် ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူပေါင်း (၇၆၀၆) ဦးရှိခဲ့ပြီး ယခုနှစ်တွင် နိုင်ငံတော်မှ မသန်စွမ်းသူတစ်ဦးလျင် (၃၀၀၀၀)နှုန်းဖြင့် မြစ်ကြီးနားမြိုနယ်အတွင်းရှိ မသန်စွမ်းသူ (၁၀၃၂) ဦးတို့ကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ အလားတူ အခြားမြို့နယ်များကိုလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေများကို ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မသန်စွမ်းသူ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၀၃၂) ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ (၃၀၉၆၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ရာ မသန်စွမ်းသူများကိုယ်စား ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ က လက်ခံရယူခဲ့ ကြောင်း သိရှိရသည်။