မြစ်ကြီးနားမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၄
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ် လွှာဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၄ နာရီ ၂၀ မိနစ် တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအားလွှင့်တင်ကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် နံနက် (၇)နာရီတွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အခမ်းအနားတက်ရောက်လာသူများ၊ ဂုဏ်ပြုတပ်ဖွဲ့တို့ က နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ် လွှာကို ဖတ်ကြားသည်။
ယနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့် အညီ လူဦးရေအကန့်အသတ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Visitors: 35,949