ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါရင်ဆိုင်ခံစားနေရသော ပြည်သူများအတွက် အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ(APTERR)အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ(၄၈)တန်အား ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါရင်ဆိုင်ခံစားနေရသော ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အာဆီယံအပေါင်း (၃) အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယား သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ (၄၈)တန်အား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွှဲ (၁)နာရီခွဲတွင် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆန်ရိက္ခာများ လွှဲပြောင်းပေးအပ်ရာတွင် APTERR အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့သည့် ဆန်ရိက္ခာ(၄၈)တန်ကို လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။
ဆန်ရိက္ခာလွှဲပြောင်းပေးအပ်မှုအပေါ် ပြန်လည်ဖြန့်ဝေထောက်ပံ့သွားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်နယ်အတွင်း ဒေသခံပိုးတွေ့လူနာနှင့် ၎င်းတို့၏ မိသားစုဝင် (၄၈၀၀)ဦးတို့အတွက် လူတစ်ဦးလျှင် တစ်နေ့ (၀.၅Kg)ဖြင့် ရက် (၂၀)စာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မကြာမီကာလတွင် ပထမအဆင့် အနေဖြင့် ရောဂါပိုးတွေ့အတည်ပြုလူနာ (၃၅၇)ဦးနှင့် မိသားစုဝင် (၈၇၂)ဦး၊ စုစုပေါင်း(၁၂၂၉)ဦးတို့အား စတင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ဆန်အိတ်များကိုလည်း စနစ်တကျ သိုလှောင် ထားပြီး နောက်ထပ်တိုးလာမည့် ပိုးတွေ့လူနာများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။
အဆိုပါ ဆန်ရိက္ခာကို ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် ပြည်သူများအတွက် APTERR ၏ Tier-၃ အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၆၀၀) အနက် ကချင်ပြည်နယ်မှ ဆန်တန်ချိန် (၄၈)တန် (40 kg-ဆန်အိတ်ပေါင်း ၁၂၀၀ အိတ်)ကို လက်ခံ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း ယမန်နေ့ (၂၇.၁၂.၂၀၂၀)ရက်နေ့အထိ ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာန၏ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲတွေ့ရှိမှုအခြေအနေနှင့် အသွားအလာကန့်သတ်ခြင်းလုပ် ငန်းဆောင်ရွက်မှုအခြေအနေ ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ (၅၉၀)ဦး ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။
Visitors: 35,962